ချက်ကြီးတို့ မီးဖိုချောင် မှ ကြိုဆိုပါတယ်။ အစားကောင်းဆိုတာ အကောင်းစားတွေ စားမှ မဟုတ်ပါဘူး။ ရှိတဲ့ အစားအစာကို ကောင်းမွန်အောင် အစပ်အဟပ်တည့်အောင် ချက်ပြီး စားနိုင်မှ ထမင်းစား မြိန်ပါတယ်။

အစာအဆိပ်သင့်မှုမှ ကင်းဝေးရန် မီးဖိုချောင် ဆိုင်ရာ သတိပေးချက်များ

စဉ်းနှီတုံးများကို သုံးပြီးရင် ရေဆေးဖို့မမေ့ပါနဲ့။ အစာအဆိပ်သင့်မှု ရာခိုင်နှုန်းတော်တော်များများက စဉ်းနှီးတုံးကနေ ရောဂါပိုးမွှား ပေါက်ပွားပြီး ဖြစ်တာပါ။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ၂ ခု အနည်းဆုံးထားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအတွက် တခု နောက် အသားလှီးဖို့က တခုပါ။


Saturday 16 January 2010

အညာ ငံပြာရည်ကြော်ချက်





ဗမာ ထမင်းဝိုင်း တခုမှာ အစပ်တခု နဲ့ အငံတခု အလေးကဲတဲ့ အရံဟင်းတမျိုးပါလေ့ရှိပါတယ်။ ငံပြာရည်ကြော်ကတော့ အညာဒေသတွေမှာ အချက်များပြီး  ချက်တဲ့အချိန်ကတော့ သရက်ဖူး၊ သရက်ကင်း ပေါ်ချိန်၊ တမာရွက်နုလေးတွေ အဖူးလေးတွေကို အချည်တည် ချိန်မှာ ချက်စားလေ့ရှိပါတယ်။ အညာဟာ ငပိရည်ကျိုစားတဲ့ အလေ့အထ နည်းပြီး ငံပြာရည် နဲ့ ငရုပ်သီး ကို လှိုင် လှိုင်သုံးတတ်တဲ့ ဒေသတွေဖြစ်တာမို့ သူတို့ချက်တဲ့ ငံပြာရည်ချက်ဟာ အောက်ပြည်က ချက်နည်းနဲ့ ကွာပါတယ်။ နောက်ကြုံရင် အညာ ငရုပ်သီးချက်လေးလဲ ချက်ကျွေးပါအုန်းမယ်။ သရက်ကင်း ၀ယ်မရရင်လဲ တခြားတို့စရာလေးတွေနဲ့ စားလို့အဆင်ပြေပါတယ်။ ဗမာထမင်းဝိုင်းဆိုတာက တို့စရာ တပုံတပင်နဲ့ အရံဟင်း ငပိငံပြာရည် တခုခုသာပါရင် စားမြိန်တာဘဲမှလား။ စမ်းချက်ကြည့်ကြစို့။



ငံပြာရည်ကြော်ချက်အတွက် အဓိက လိုအပ်တာတွေကတော့

၁။ ပုဇွန်ခြောက် ( သို့မဟုတ်) ငါးဖြုန်း ငါးသေးခြောက်လေးတွေ ၅၀၀ ဂရမ်
၂။ ငရုပ်သီးခြောက် ( သို့မဟုတ်) ကြိတ်ပြီးသား အကြမ်း အခြောက်မှုန့်၊ ( အစပ်စားနိုင်တဲ့ ပေါ်မူတည်ပြီး ထည့်နိုင်ပါတယ်)
၃။ ကြက်သွန်နီ အနေတော် ၄ လုံး
၎။ ကြက်သွန်ဖြူ ၅ မွှာ
၅။ ဆီ
၆။ ငံပြာရည်

အသင့်ပြင်ထားရမှာက ပုဇွန်ခြောက်ကို ထောင်းပါ။ ကြက်သွန်ဖြူ ကိုထောင်း။ ကြက်သွန်နီကို ထက်ခြမ်းခြမ်းပြီး အကွင်းလိုက်ဖြစ်အောင် လှီးပါ။
ငံပြာရည် ထမင်းစား ဇွန်းနဲ့ ၅ ဇွန်း

- ပထမဆုံး ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ဆီပူတဲ့အခါ ကြက်သွန်နီ အကွင်းလိုက် လှီးထားတာကို ထည့်ကြော်ပါ။

- ကြက်သွန်နီ နီလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့် အနည်းငယ် မွှေပေးပါ။ မတူးပါစေနဲ့။

- ထောင်းထားတဲ့ ပုဇွန်ခြောက်ကို ထည့်ကြော်ပါ။

- နီလာပြီး အားလုံး လုံးလုံးထွေးထွေးဖြစ်လာတဲ့အချိန် ငရုပ်သီးခြောက် ထောင်းထားတဲ့ အမှုန့်ကို ထည့်လိုက်ပါ။

- မီးအရှိန်လျှော့ပါ။ ငရုပ်သီး မတူးအောင် ဂရုစိုက်ပါ။

- နောက် အနံထွက်လာရင် ငံပြာရည် ထည့်လိုက်ပါ။

- အနံများ မွှန်ထွန်အောင် ထွက်လာမည်ဖြစ်တာကြောင့် ပြတင်းပေါက်နဲ့ မီးဖို လေစုပ်စက်ကို အရှိန်မြင့်အောင် ဖွင့်ထားဖို့ လိုပါလိမ့်မယ်။

- ယောင်းမဖြင့် ငရုပ်သီး၊ ပုဇွန်ခြောက် နဲ့ ကြက်သွန်တို့ကို အနည်းငယ် လှိမ့်ပေးပါ။

- အနံခပ်ပြင်းပြင်း ထွက်လာချိန်မှာတော့ ရေ ကို လိုသလောက်ထည့်ပေးပါ။ အရည် ခပ်စပ်စပ် လိုချင်ရင် ရေများများ ထည့်။ ခပ်ခြောက်ခြောက် စားချင်ရင်တော့ အနည်းငယ်သာ ထည့်ပေးပါ။

- ခနကြာလို့ ပွက်လာရင် ဆီပြန်အောင် ခနစောင့် အပေါ့အငံမြည်း ။ လိုချင်သလို အနေအထားရပြီ ဆိုလျှင် မီးပိတ်လို့ အိုးဖုံး အုပ်ထားပါ။

- သရက်ကင်း၊ သရက်သီး၊ ဂေါ်ရခါးသီး ပြုတ် တို့နှင့် တို့စားပါက ထမင်းစား မြိန်နိုင်သလို ကြာရှည်လဲ ထားခံပါတယ်။

- ဒါမှမဟုတ် သံပုရာသီးလေး ညှစ်စားရင် လဲ အရသာတမျိုး နဲ့ ထမင်းစား တိုးစေမှာပါ။

အဓိက မှာချင်တာကတော့ မတူးပါစေနဲ့။ ဆီတွေ အများကြီးနဲ့ ထည့်မကြော်ပါနဲ့။ ဆားကို လိုအပ်မှသာ ထည့်ပါ။

1 comment:

  1. ပုံနဲ့တကွ ဖြေဆိုပါ :)

    ReplyDelete