ချက်ကြီးတို့ မီးဖိုချောင် မှ ကြိုဆိုပါတယ်။ အစားကောင်းဆိုတာ အကောင်းစားတွေ စားမှ မဟုတ်ပါဘူး။ ရှိတဲ့ အစားအစာကို ကောင်းမွန်အောင် အစပ်အဟပ်တည့်အောင် ချက်ပြီး စားနိုင်မှ ထမင်းစား မြိန်ပါတယ်။

အစာအဆိပ်သင့်မှုမှ ကင်းဝေးရန် မီးဖိုချောင် ဆိုင်ရာ သတိပေးချက်များ

စဉ်းနှီတုံးများကို သုံးပြီးရင် ရေဆေးဖို့မမေ့ပါနဲ့။ အစာအဆိပ်သင့်မှု ရာခိုင်နှုန်းတော်တော်များများက စဉ်းနှီးတုံးကနေ ရောဂါပိုးမွှား ပေါက်ပွားပြီး ဖြစ်တာပါ။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ၂ ခု အနည်းဆုံးထားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအတွက် တခု နောက် အသားလှီးဖို့က တခုပါ။


Tuesday 19 January 2010

ဝက်နားရွက်သုတ်( ဗမာသုတ်)


အစားအစာကို ကြံကြံဖန်ဖန် စားတတ်သောက်တတ်တဲ့ အထဲမှာ ချက်ကြီးတို့အုပ်စု ထိပ်ဆုံးကပါ။ အင်္ဂလန်နိုင်ငံရောက်လို့ ၀က်ခေါင်းတွေ ၀က်နားရွက်တွေ ရပါ့မလားလို့ မြန်မာပြည်က လူတွေ တွေးကြပါတယ်။ ရေခဲရိုက် အူကလီစာကို ၀ယ်ရတာ တခုပါဘဲ။ အသည်း၊ ကျောက်ကပ်နဲ့ နှလုံးကတော့ လတ်လတ်ဆတ်ဆတ် ရနိုင်သလို ၀က်ခြေထောက်၊ ၀က်ခေါင်း နဲ့ လျှာ နဲ့ ၀က်နားရွက်တို့ကတော့ ပေါပေါနဲ့ လွယ်လွယ် ရနိုင်တယ်။ ဈေးလည်း သက်သာပါတယ်။ ကိုယ်တွေကတော့အစားကျူးတွေ မဟုတ်လား။ ဂလိုဘယ် ခေတ်ကြီးမှာ အင်္ဂလိပ် ၀က်သားသည်တွေလဲ အာရှသားတွေအကြိုက် အထာပေါက်လာတာ သိပ်မဆန်းပါဘူး။





ဝက်နားရွက် ပြုတ်နည်း

အမွှေးအမြှင် ခြစ်ပြီး ရေစင်စင်ဆေးရပါမယ်။ အမွှေးသိပ်ထူနေရင်တော့ မီးမြှိက်ဖို့ လိုပါတယ်။ ပြီးရင် ဓါးနဲ့ ခြစ်ချပြီး အတတ်နိုင်ဆုံး ရေကို စင်စင်ဆေးကြောပါ။ နားအတွင်းဘက်တွေကိုတော့ လှီးထုတ်ပြစ်ဖို့ လိုပါမယ်။ မလိုအပ်တဲ့ အညစ်အကြေးတွေကို သန့်စင်ဖို့ အချိန်ယူမဲ့အစား ကွက်ပြီး လှီးထုတ်ပြစ်လိုက်ပါ။ အားလုံးသန့်စင်ပြီးပြီ ဆိုရင်တော့ အိုးထဲမှာ ၀က်နားရွက်ကို စပြုတ်ဖို့ ပြင်ရပါမယ်။ ရေပွက်လာရင် ၀က်နားရွက်ကို ဆယ် ပြီးတော့ အသင့်ပြင်ထားတဲ့ ရေအေးအေး ဇလုံထဲကို ထည့်လိုက်ပါ။ ဒီနည်းအတိုင်း ၀က်နားရွက်ကို ရေလဲပြီး ၃ ခါလောက် ပြုတ်ပေးရပါမယ်။ ဒါမှ မကောင်းတဲ့ အနံအသက်တွေ ထွက်သွားစေပြီး နားရွက်ကိုလဲ ခပ်ကြွပ်ကြွပ်လေး ဖြစ်စေမှာပါ။ ၃ ခါလောက်ပြုတ် ပြီးပြီဆိုရင်တော့  နောက်ဆုံ တခါပြုတ်တဲ့အခါမှာ နာနတ်ပွင့် နဲ့ ပါကော အလုံး ( တရုပ် ဟင်းခတ်အမွှေး) ကို ထည့်ပြီး ပြုတ်ပေးပါ။ အနံအသက် ခပ်ပြင်းပြင်းတွေကို သတ်လိုက်တဲ့ သဘောပါဘဲ။
အကြာကြီး နူးသွားအောင် ပြုတ်ဖို့မလိုပါဘူး။ နားရွက်က အပေါ်အရေခွံ နူးလွယ်ပါတယ်။ အပြုတ်လွန်သွားရင် ပျော့ပြဲတွဲနေတဲ့ နားရွက် ဖြစ်သွားပါလိမ့်မယ်။ အရောင်ညိုညို လိုချင်ရင်တော့ တရုပ်ပဲ ငံပြာရည် ( ကြာညို့) အကြဲထည့်ပေးနိုင်ပါတယ်။
အားလုံးပြီးတဲ့ နောက်မှာတော့ သုတ်စားဖို့ အဆင်သင့် ဖြစ်နေပါပြီ။

ဝက်နားရွက် သုတ်နည်း

သုတ်ဖို့အတွက် အသင့်ပြင်ထားရမှာက-

၁။ နားရွက် ၂ ရွက် ကို အနေတော် ပါးပါးလှီး
၂။ ဂေါ်ဖီ ပါးပါးလှီး
၃။ ပဲမှုန့် အကျတ်
၎။ ကြက်သွန်ဖြူ ဆီချက်
၅။ ငံပြာရည်
၆။ ဆား
ရ။ အချိုမှုန့်
၈။ ပဲပင်ပေါက် ( တိုရ) ရေနွေးဖျော ( လက်၁ ဆုပ်စာ)
၉။ ငရုပ်သီးစိမ်း ( သို့) အကျတ်မှုန့်
၁၀။ ဘဲငန်းပျံ ငရုပ်ဆီ ( တရုပ်တန်းမှာ ၀ယ်လို့ရနိုင်ပါတယ်)
၁၁။ သခွားသီး ပါးပါးလှီး ( လက်လေးလုံးလောက်)

အားလုံးကို အနေတော် ရောစပ်ပြီးတဲ့အခါမှာတော့ သုတ်လိုက်လို့ရပါပြီ။ အပေါ့အငန် မြည်းကြည့်ပါ။ အချဉ်ကဲတာကြိုက်တယ် ဆိုရင်တော့ သံပုရာသီးလေး တစိတ်လောက် ထည့်ညှစ်လိုက်ပါ။ ငရုပ်ဆီက စပ်ပြီးသားမို့ အစပ်သိပ်မစားနိုင်သူများ ငရုပ်သီးမှုန့်လျှော့ထည့်ပါ။ နံနံပင်ကြိုက်တတ်ရင် ထည့်လို့ရပါတယ်။

ဝက်နားရွက်သုတ်က လက်ဝင်တဲ့ အသုတ်တမျိုးပါ။ တချို့ စိတ်မရှည်တတ်ပါဘူး။ ဒါပေမဲ့ အရသာရှိတဲ့ အစား စားချင်တယ်ဆိုရင်တော့ အချိန်နည်းနည်း ပေးပြီး စိတ်ရှည်ရှည် ချက်ဖို့ နဲ့ အားရုံစိုက်ဖို့ လိုပါတယ်။

 

No comments:

Post a Comment