ချက်ကြီးတို့ မီးဖိုချောင် မှ ကြိုဆိုပါတယ်။ အစားကောင်းဆိုတာ အကောင်းစားတွေ စားမှ မဟုတ်ပါဘူး။ ရှိတဲ့ အစားအစာကို ကောင်းမွန်အောင် အစပ်အဟပ်တည့်အောင် ချက်ပြီး စားနိုင်မှ ထမင်းစား မြိန်ပါတယ်။

အစာအဆိပ်သင့်မှုမှ ကင်းဝေးရန် မီးဖိုချောင် ဆိုင်ရာ သတိပေးချက်များ

စဉ်းနှီတုံးများကို သုံးပြီးရင် ရေဆေးဖို့မမေ့ပါနဲ့။ အစာအဆိပ်သင့်မှု ရာခိုင်နှုန်းတော်တော်များများက စဉ်းနှီးတုံးကနေ ရောဂါပိုးမွှား ပေါက်ပွားပြီး ဖြစ်တာပါ။ ဒါ့ကြောင့် ဖြစ်နိုင်ရင် ၂ ခု အနည်းဆုံးထားသင့်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအတွက် တခု နောက် အသားလှီးဖို့က တခုပါ။


Thursday 21 January 2010

အမဲသားနဲ့အာလူး ( ရှမ်းနံနံခပ်)

 ရှမ်းနံနံခပ် ဆိုတော့ တချို့က အနံစိမ်းရွှင်ရွှင်နဲ့မို့ မကြိုက်ကြပါဘူး။ ဒါပေမဲ့ စမ်းချက်ကြည့်ပါ။ အမဲသား အာလူး ရိုးရိုးချက်လိုမဟုတ်ဘဲ အနံမွှေးမွှေးလေးနဲ့ စားကောင်းပါတယ်။ မြန်မာပြည်မှာက ငါးဟင်းမှာ ရှမ်းနံနံ ခပ်ပါတယ်။ အမဲသားမှာလည်း ခပ်ပြီးစားကြည့်ရအောင်။ အထူးအဆန်းလေးပေါ့။






- အမဲသားကို ရေစင်စင်ဆေး။ အနေတော်အတုံးလေးတွေ လှီးပါ။ ပြီးရင်တော့ ဆား၊ နနွင်းမှုန့်အနည်းငယ် နဲ့ နယ်ပေးပါ။ ပြီးတော့ နှပ်ထားပေးပါ။ တချို့က သံပုရာရည်လေး ညှစ်ပြီးနှပ်ထားတတ်ပါတယ်။ မြန်မာတွေ အစွဲက အမဲသားဆိုတာ မနူးလွယ်ဘူးလို့ စိတ်အစွဲရှိတယ်။

- အာလူးကို လဲ အခွံနွှာ အနေတော် အတုံးလေးတွေလှီး ပြီး ရေဆေး စစ်ထားပါ။

- ရှမ်းနံနံကိုလဲ လက်တဆစ်လောက် အရွယ်လေးတွေ လှီးထားပါ။ 

- အမဲသား ကီလိုဝက်ကို ကြက်သွန် လက်သီးစုပ်လောက် ၁လုံး။ အနှစ်များချင်ရင် ကြက်သွန်များများထည့်ပေးရပါမယ်။ ကြက်သွန်ဖြူ ၅မွှာ နှင့်ဂျင်း ကို လက်မခေါင်းလောက် ထည့်ပြီး ထောင်းပါ။

- လုံးချက် ချက်ချင်တယ်ဆိုရင်တော့ အိုးထဲမှာ ကြက်သွန်ဖြူ နီ ဂျင်းအနှစ်ထည့်၊ ဆီထည့်၊ အရောင်တင်မှုန့်၊ ဆား၊ နနွင်းအနည်းငယ် ထည့်ပြီး အိုးကို မီးဖိုပေါ်တင်ပါ။

- ဆီသတ်ချက်ချင်သပ ဆိုရင်တော့ ကြက်သွန်ဖြူနီဂျင်း ကို အရင် ဆီသတ်၊ ပြီးရင် အမဲသားထည့်ပါ။ ရေလုံးဝ မထည့်ဘဲ အမဲသားကို လုံးပေးပါ။

- အမဲသားက ထွက်တဲ့ အရေနဲ့ အရင်ချက်ပြီးမှ လိုသလောက် ရေအနည်းငယ်ထည့်ပြီး အမဲသားနူးလာအောင် ချက်ပေးပါ။

- အမဲသား နူးလာပြီဆိုရင်တော့ အသင့်ပြင်ထားတဲ့ အာလူးကို ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး အာလူးနူးသည်အထိ စောင့်ပါ။ စိတ်ကြိုက်အနေအထားရပြီဆိုရင်တော့ ရှမ်းနံနံလေးထည့်ပြီး မီးပိတ်အုပ်ထားပါ။

ဒါဆိုရင်တော့ အမဲသား အာလူး ကို ရှမ်းနံနံလေးထည့်ထားတဲ့ ဟင်းရပါပြီ။ ဒီဟင်းကို ငံပြာရည်ချက်။ ငံပြာရည်ဖျော်၊ ဒါမှမဟုတ် ငါးပိရည်ဖျော်လေး အတို့အမြှပ်လေးနဲ့ စားရင် အင်မတန်မြိန်လို့ အရည်သောက်တောင် မလိုပါဘူး။

No comments:

Post a Comment